ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)
ဗိုလ်ချုပ်ပြတိုက်(သို့မဟုတ်) ဗိုလ်ချုပ်အောင်ဆန်းပြတိုက် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်းပြသထား ခြင်းဖြစ်သည်။ အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ် တွင်တည်ရှိသည်။ ဘဲဥပုံသဏ္ဍာန် Oval Shape မြေကွက်ဖြစ်၍ ခြံဝင်းအကျယ်မှာ (၂.၄၂၃ ဧက) ရှိသည်။ ၁၉၂၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံ ဖြစ်၍ အနောက်တိုင်း ဗိသုကာဟန်ရောနှော တည်ဆောက်ထားသော ၂၀ရာစု ဥရောပပုံစံဖြစ်သည်။ နေအိမ် အဆောက် အဦမှာ ခြံဝင်းအတွင်း၌ရှိသော ၁၈ပေ မြင့်သည့် ကုန်းပေါ်တွင် တောင်ဘက်သို့ မျက်နှာစာပြုကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ဤအိမ်တွင် ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့သည်။